နမ့်စန်မြို့ အမှတ်(၂)ရပ်ကွက်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စည်းရုံးရေးကိစ္စရပ်များအတွက် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြည်သူများ တွေ့ဆုံ

နမ့်စန်(တ) မေ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စည်းရုံးရေးကိစ္စရပ်များအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်မိရပ်ဖပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ ညနေ ၃ နာရီက အမှတ်(၂)ရပ်ကွက် ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြား၍ စစ်မှုထမ်းဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက စစ်မှုထမ်းဥပဒေဆိုင်ရာများ၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်ဆက်နွယ်မှုမရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် အမှတ်(၂)ရပ်ကွက်အတွင်း လာရောက်နေထိုင်သည့် ယာယီနေရပ်စွန့်ခွာပြည်သူ (၁၇၂) ဦးအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ (၂ လစာ) ကျပ် ၆,၈၈၀,၀၀၀ ကို သက်ဆိုင်ရာပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းနှင့် ရာစုမှူးများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)