နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်‌ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ယာယီကျောင်းဆောင်များ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး

ဥတ္တရသီရိ မေ ၂၁

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်‌ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ယာယီကျောင်းဆောင်များ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများလိုက်ပါလျက် မိုးဆွေကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားပြီး စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုနှင့် ကျောင်းအိပ်၊ ကျောင်းစားထားရှိမှုအခြေအနေများကိုကြည့်ရှုပြီး စနစ်တကျလေ့လာကျက်မှတ်ရေး၊ စိတ်ဓာတ်တက်ကြွစွာဖြင့် အမှတ်ကောင်းရရှိအောင် ကြိုးစားဆောင်ရွက်ရေး၊ ကျန်းမာရေးဂရုစိုက်နေထိုင်ရေး စသည်တို့ကို ပြောကြားခဲ့ပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းနှင့် ရွှေနံ့သာရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များတွင် ယာယီကျောင်းဆောင်များဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဝင်က တာဝန်ရှိသူများအား သဘာဝဘေးဒဏ်ခံနိုင်ရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ကျောင်းဖွင့်ချိန်အမှီဆောင်ရွက်ရေးတို့ကို အလေးထားဆောင်ရွက်သွားရန် မှာကြာခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)