တောင်ကြီး မေ ၂၁
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပညာရေးဒီဂရီကောလိပ် အားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာ့လက်ရွေးစင် မချစ်နိုဒီဆောင်းနှင့်အဖွဲ့မှ ဗိုဗီနမ်အားကစားနည်းဖြင့် သရုပ်ပြ ဖျော်ဖြေတင်ဆက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဥ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်အကောင် အထည်ဖော်လျက်ရှိရာ လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သည့် နိုင်ငံတော်၏ “ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစဥ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုပြီး ချမှတ်ထားရှိပါကြောင်း၊ ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်နဲ့ ပြည့်စုံသည့်လူငယ်တွေ မွေးထုတ်ပေးရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဥာဏ်ဖွံ့ဖြိုးသူတွေ ဖြစ်အောင်လူငယ်တွေကို လေ့ကျင့်ပျိုးထောင်ပေးနေတာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစုစုပေါင်း လူဦး ရေ၏ (၃၄)ရာခိုင်နှုန်းနီးပါးဟာ အသက်(၁၅)နှစ်မှ (၃၅)နှစ် အတွင်းရှိသည့် လူငယ်များဖြစ်ပါကြောင်း၊ တိုင်းပြည်၏ အနာဂတ်သည်လူငယ်တွေရဲ့ လက်ထဲမှာရှိသည့်အတွက် လူငယ်တွေသည် ယနေ့လူကြီးတွေထက်ပိုတော်ရမှာဖြစ်ပြီး လူငယ်တွေကို ပြုစုပျိုးထောင်ပေးနေခြင်းဖြစ်ကြောင်း၊ နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)ကိုလည်း ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး လူငယ်ရေးရာမူဝါဒတွင် လူငယ်ဆိုင်ရာ အဓိကကဏ္ဍ (၁၆) ရပ်ပါရှိပါကြောင်း၊ လူမှုရေးဦးတည်ချက်၏ ဒုတိယအချက်ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့်အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ကာ အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းသား/သင်တန်းသူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ လာရောက်ဟောပြောပို့ချပေးကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဗိုဗီနမ် အားကစား သရုပ်ပြအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်( ပြည်နယ်၊ပြန်/ဆက်)