တောင်ကြီး မေ ၂၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရင်ပြင်တော်နှင့် ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ကျောင်းတော်အောက်ခြေကွန်ကရစ်တိုင် ၈၁ တိုင် မွမ်းမံပြင်ဆင်ပြီးစီးမှုများ၊ ပင်မကျောင်းဆောင်ရှိ ဝရံတာပြုပြင်ဆောင်ရွက်နေမှုများ၊ ဘုရားစောင်းတန်းအမိုး ပြုပြင်နေမှုများနှင့် ဘုရားရင်ပြင်တော် ပြုပြင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အင်ဂျင်နီယာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းများအရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျ ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)