ကျောက်တလုံးကြီးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ကျောက်တလုံးကြီး မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ နေထိုင်ကြသော ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပထမနိမ္မိတ သပိတ်မြတ်ဘုရားတောင်ပေါ်ရှိ အောင်ဇမ္ဗူလောင်းဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မူမူသိန်းက ငလျင်ဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးအကြောင်းရာများကို ဒေသခံပြည်သူများ ပိုမိုသိရှိစေရန် Power Point slide များဖြင့် ဟောပြောပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများမှ ငလျင်ဘေး၊ မီးဘေး၊ လေဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး ကြိုတင်ကာကွယ်ရေး အကြောင်းအရာများပါဝင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးကြသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ကျောက်တလုံးကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်းနှင့် အဆိုပါ အသိပညာပေး ဟောပြောပွဲများကို ကျောက်တလုံးကြီးမြို့ နောင်ခဲကျေးရွာ၊ ဟမ်းဆီးကျေးရွာနှင့် နောင်ကားကျေးရွာတို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း