ဇေယျာသီရိမြို့နယ်၌ စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ဇေယျာသီရိ မေ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအား စုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး၊ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအတွက် ယခုလိုစာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး စားရေးဆရာ ရဲမွန်ကျော်နှင့် မောင်ရည်ကျော်(ရူပ) တို့က စာရေးဆရာ ခင်မောင်တိုး(မိုးမိတ်) ရေးသားသည့် ဘဝနေ့စဉ်ပျော်ရွှင်ရေး စာအုပ်ပါ ကိုယ်ကျင့်တရားနှင့် သိက္ခာ၊ ရိုးစင်းတဲ့ဘဝဘက် ဦးတည်ပါ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပုဗ္ဗသီရိမြို့နယ် အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတ အသင်း(YGW) မှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)