ဟိုပုံး မေ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အရည်အသွေးတိုးတက်စေရေး၊ ရုံးလုပ်ငန်းများနည်းစနစ်ကျကျ လျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် ရုံးစာရေးသားနည်းသင်တန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ပို့ချပေး လျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက ယခုဖွင့်လှစ်သော သင်တန်းတွင် မြို့နယ်/မြိုရုံးများ၏ ဝန်ထမ်းများ ရုံးလုပ်ငန်းနှင့်ပတ်သက်ပြီး ကျွမ်းကျင်မှုရှိစေရန်၊ ရုံးလုပ်ငန်း၏ သဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မိမိတို့တာဝန်ယူ ဆောင်ရွက်ရသော ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာ၊ ထိရောက်စွာ ဆောင်ရွက်နိုင်စေရေးနှင့် ဝန်ထမ်းဖြစ်လာပြီးဆိုပါက ရုံးစာရေးသားနည်းကို မဖြစ်မနေတက်ကျွမ်းရမှာဖြစ်သည့်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ် ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့ရုံးတို့မှ ဝန်ထမ်းများတက်ရောက်ခဲ့ပြီး ရုံးလုပ်ငန်းလက်စွဲပါ ရုံးလုပ်ငန်းသဘောတရား၊ ဝင်စာထွက်စာ၊ စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း၊ ရုံးစာရေးသားနည်း၊ စာပေးစာယူ၊ အစည်းအဝေးကျင်းပခြင်း၊ မှတ်တမ်းတင်ခြင်း၊ လုပ်ငန်းစီမံချက် ရေးသားခြင်း၊ စာတွဲခြင်းနှင့် စာတွဲထိန်းသိမ်းခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်းများကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှ မေလ(၁၉)ရက်နေ့မှ မေလ(၂၁)ရက်နေ့အထိ ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)