ကော့သောင်းမြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

ကော့သောင်း မေ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ‌အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊မြတ်ရတနာခန်းမတွင် ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်နှင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ ဘင်ခရာနည်းပြဆရာကြီးနှင့် အ.ထ.က(၁)ကျောင်းသားဟောင်း ဘင်ခရာလက်ထောက် နည်းပြများ၊ ဘင်ခရာအဖွဲ့ဝင်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးအောင်က အဖွင့်အမှာစကားပြောကြားရာ နည်းပြဆရာ၊ဆရာမများ၏ စေတနာထက်သန်စွာ သင်ကြားပေးမှု၊ မိဘများ၏ပံ့ပိုးပေးမှု၊ ဆရာ၊ ဆရာမများ၏ ကြီးကြပ်မှုအောက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဘင်ခရာသင်တန်းကို ဧပြီလ ၂ဝ ရက်နေ့မှ မေလ ၂ဝ ရက်နေ့ အထိ အောင်မြင်စွာ သင်ကြားပို့ချ ပေးနိုင်ခဲ့ပြီးဖြစ်ပါ‌ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဘင်ခရာသင်တန်းနှင့်ဝတ်စုံ၊ပစ္စည်းများ ဝယ်ယူစရိတ်အတွက် ငွေကျပ်သိန်း(၈၀)ကို ချီးမြှင့် ပေးပြီးဖြစ်ပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် ဘင်ခရာပညာရပ်များကို ၄င်းသင်တန်းမှသည် မိမိတို့၏ကျောင်းတွင် ပညာသင်ယူနေသည့်ကာလပတ်လုံး အဓွန့်ရှည်တည်တံ့စေရေးအတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးသင်ယူနေရမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအားလုံး ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် ပြည့်စုံ သော ကျောင်းသား၊ ကျောင်းသူများဖြစ်ဖို့ အစွမ်းကုန်ကြိုးစားကြရမှာဖြစ်သကဲ့သို့ ဘင်ခရာ ပညာရပ်များကို ထိန်းသိမ်းဆောင်ရွက်ကာ လက်ဆင့်ကမ်း သင်တန်းများကိုလည်း အောင်မြင်စွာ မျှဝေဆောင်ရွက်ကြရန်” အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဘင်ခရာသင်တန်းဝတ်စုံစရိတ် ချီးမြှင့်ငွေပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂါရဝလက်ဆောင်ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက ဘင်ခရာတီးခတ်သရုပ်ပြခဲ့ကြပြီး အ.ထ.က(၁)ကျောင်းအုပ်ဆရာကြီး ဦးပြည်ဟိန်းကျော်က ဘင်ခရာသင်တန်းဖြစ်မြောက်အောင် အဘက်ဘက်က ကူညီ‌ဆောင်ရွက်‌ပေးမှုအတွက် ကျေးဇူးတင်စကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)