နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများအား ကြည့်ရှုအားပေး

နေပြည်တော် မေ ၂၀

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည်  ယမန်နေ့မွန်းလွဲပိုင်းက ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ) ရန်အောင်မြင်ကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအား  စခန်းသွင်းလေ့ကျင့်သင်ကြားပေး‌နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများနှင့် ကျောင်းအိပ်၊ ကျောင်းစား ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က ကျန်းမာရေးစောင့်ရှောက်မှုများ အထူးဂရုပြု ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာမှုရှိစေရေးနှင့် နေရာထိုင်ခင်းချထားမှုကို စနစ်တကျဆောင်ရွက်ရန်၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ထူးချွန်စွာအောင်မြင်‌စေရန် သက်ဆိုင်ရာ ဆရာ၊ ဆရာမများအနေဖြင့် အထူးကြပ်မတ်ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စုအတွင်းရှိ အုန်းတောဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဖူး‌မျှော်ကြည်ညိုကာ နဝကမ္မအလှူ‌ငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)