နေပြည်တော် မတ် ၂၀
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ဘုန်းတော်ကြီးကျောင်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမြင့်စိုးတို့သည် ရတနာမာန်အောင်ကျောင်းနှင့် မှန်ကျောင်းသို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်များအား ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ငလျင်ဘေးသင့်ကျောင်းဆောင်များ ပြန်လည်ဆောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် လဲလူးအိုင်ကျေးရွာ၊ ဦးဝင်းမောင်၏ နွားခြံသို့ရောက်ရှိပြီး နွားမွေးမြူရေးခြံ၏ ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ သနပ္ပင်ဆိပ်ကျေးရွာ ဦးကိုလေးကြက်ခြံသို့ ရောက်ရှိရာ တာဝန်ရှိသူများက အသားတိုးကြက်၊ ဒေသကြက်နှင့် ဝက်မွေးမြူထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ မွေးမြူထားရှိမှုများအပေါ် လိုအပ်သည်များမှာကြားပြီး နေပြည်တော်အတွင်းရှိ ကျန်ရှိသည့်မြို့နယ်များတွင်လည်း ယခုကဲ့သို့သော မွေးမြူရေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ဇီးဖြူပင်ကျေးရွာရှိ စပါးစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးပြီး ဆည်ရေသောက်လယ်များသို့ အချိန်တိုအတွင်း ရေပေးဝေနိုင်ရေးဆောင်ရွက်ရန်၊ စိုက်ခင်းများအတွင်း ရေနစ်မြုတ်မှုမရှိစေရန်အတွက် ရေသွယ်မြောင်းများတူးဖော်၍ စီမံဆောင်ရွက်ရန်၊ မြေကို စနစ်တကျပြုပြင်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းဟူသော မျိုးကောင်းမျိုးသန့်ရရှိအောင် ဆောင်ရွက်ရန်၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးတို့ကို တောင်သူများနှင့် ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့ပြီး တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)