ညောင်ရွှေ မေ ၂၀
ဒေသနေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများတာဝန်ရှိသူများပါဝင်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ နန်းသဲကျေးရွာအုပ်စု၊ အိုင်ထောင့်ကြီးကျေးရွာ ငလျင်ဒဏ်ရှေ့တန်းစခန်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အိုင်ထောင့်ကြီးကျေးရွာသည် ငလျင်ဒဏ်ခံစားခဲ့ရသည့် ကျေးရွာဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ကျောင်းဖွင့်ရာသီအမီ ကျောင်းအပ်နှံရေးကိစ္စရပ်များ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းဆောင်များ ပြန်လည်တည်ဆောက်မှု အချိန်မီပြီးစီးရေးကိစ္စရပ်များကို မှာကြားခဲ့သည်။
ထို့နောက် ပူးပေါင်းအဖွဲ့တွင်ပါဝင်ကြသည့် ကျန်းမာရေးဌာနမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျော ရောဂါကြိုတင်ကာကွယ်ရေးနှင့် အခြားကူးစက်ရောဂါများ ကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း၊ အခြားဌာနအသီးသီးမှ တာဝန်ရှိသူများကလည်း မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။
၎င်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ သက်ဆိုင်ရာဌာနများမှ မိမိတို့ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး အခမ်းအနားအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိုင်ထောင့်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ပြန်လည်တည်ဆောက်နေမှုနှင့် မြောင်းဝကြီးကျေးရွာ အခြေခံပညာလူတန်းကျောင်း ပြန်လည်တည်ဆောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ