တန့်ယန်း မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ ရွှေမောင်း သာသနဝေပုလ္လသီလရှင် စာသင်တိုက်၏ (၂၈)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့် လှူဒါန်းရေစက်ချပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကာ ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကုသလ ထံမှ ဝတ်အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်ပရိသတ်အပေါင်းက ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကောလိယနှင့် ဆရာတော်ကြီးများအား တာဝန်ရှိသူ အသီးသီးနှင့် အလှူရှင်များက လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)