မြန်မာ့လက်မှုအနုပညာလက်မှုလုပ်ငန်း ပုဂံဒေသထွက် ယွန်းထည်ပစ္စည်း အရောင်းအဝယ်ပါးသော်လည်း ယွန်းလုပ်ငန်းများပုံမှန်လုပ်ကိုင်

ညောင်ဦး မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်းထုတ်လုပ်မှု အရောင်းအဝယ်ပါးသော်လည်း ယွန်းလုပ်သား၊ ယွန်းအလုပ်သမများ အဆင်ပြေစေရန် ယွန်းလုပ်ငန်း လည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း ပုဂံမြို့  ယွန်းလုပ်ငန်းရှင်များထံက သိရသည်။

ယွန်းထည်လုပ်ငန်းသည် မြန်မာ့လက်မှုအနုပညာဖြစ်ပြီး အင်မတန် အနုစိတ်လုပ်ကိုင်ရသောလုပ်ငန်းဖြစ်ကာ ယွန်းပစ္စည်းအမျိုးပေါင်း တစ်ရာကျော် ပြုလုပ်ကြောင်း၊ ယွန်းလုပ်ငန်းရှင်များ အများဆုံး ပြုလုပ်သည့် ယွန်းလက်ဖက်အစ်၊ ယွန်းဆွမ်းအုပ်များကို အများဆုံးပြုလုပ်ကြ ကြောင်းသိရပြီး ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိ မြန်မာလူမျိုးများ ယွန်ထည် အမျိုးမျိုးသာ အသုံးပြုခဲ့ကြကြောင်း၊ ပလို့ခေါ်ငါးဆင့်ပလို့ဆွမ်းအုပ်များဖြင့် ယနေ့တိုင် ရွှေစည်းခုံဘုရားပွဲ၊ အာနန္ဒာဘုရားပွဲ၊ ငှက်ပစ်တောင် ဘုရားပွဲ၊ တုရင်တောင်ဘုရားပွဲ၊ ကန်တော့ပလ္လင် ဘုရားပွဲများနှင့် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် စလေမြို့ ရှင်ပင်စာကြိုလှဘုရားပွဲများတွင် ယွန်းပလို့(ငါးဆင့်) ပါသောဆွမ်းအုပ်ကြီးများဖြင့် ဆွမ်းတော်များ လောင်းလှူလျက်ရှိသေးကြောင်း သိရသည်။ ယွန်းလုပ်ငန်းသုံးပစ္စည်းများတွင် မပါမဖြစ် မြန်မာနိုင်ငံ အနှံ့အပြားမှ ထွက်ရှိ သည့် မဲတင်းခါးဝါး၊ တင်းဝါး၊ နန်းထောင်ဝါး၊ မဲဇာဝါးများကို သုံး၍ ယွန်းထည်အမျိုးမျိုး ပြုလုပ်ကြသော်လည်း မဲတင်းခါးဝါးတစ်မျိုးထဲကိုသာ ယွန်းထည်ပြုလုပ်ရာတွင် စွဲစွဲမြဲမြဲအသုံးပြုကြကြောင်း သိရသည်။ ယွန်းထည်ပြုလုပ်ရခြင်း အဆင့်ဆင့်တွင် အချောခံခြင်း၊ စဉ့်ဖတ်တင်ခြင်း၊ နှီးခေါင်းထိုးခြင်း၊ နှီးစိတ်ခြင်း၊ ကြောင်လိမ်ထည်လုပ်ခြင်း၊ ပွေတည်ခြင်း၊ မြေခံခြင်း၊ အဖြူခွေခြင်း၊ နှီးဖြာခြင်း၊ပုတ်ထည်၊ ယွန်းထပ်ခြင်း၊ သားရိုးချောခြင်း၊ ဓားကောက်ခြစ် ခြင်း၊ နှီးသတ်ခြင်း၊ ရက်ထည်တို့ကို အဆင့်ဆင့်ပြုလုပ်ရကြောင်း၊ ယွန်းထည်ပစ္စည်းများ သုတ်ရန် သစ်စေးဆယ်ပိဿ ပုံးတစ်ပုံး ရှစ်သိန်းကျပ်ပေးဝယ်ရကြောင်းသိရသည်။

ယွန်းထည်လုပ်ငန်းလုပ်ကိုင်ကြသည့် ယွန်းလုပ်သားတစ်ဦး တစ်ရက်လျှင် တစ်သောင်းကျပ်နှင့် ယွန်းကျွမ်းကျင်လုပ်သားတစ်ဦးလျှင် နှစ်သောင်းကျပ် ရရှိကြ ကြောင်း၊ ယွန်းထည်များ ပြုလုပ်ပြီး သော်လည်း တစ်နှစ်ကျော်ကြာမှ ရောင်းချရကြောင်း ယွန်ထည်များပြုလုပ်ပြီး မြေအောက်ခန်း အတွင်း အလုံပိတ်ထားကာ ယွန်းထည်များမြေ ထပ်ပေးထားကာ နောက်ဆုံးအဆင့် ရောင်းချရသည့် အချိန်တစ်နှစ်ကျော်မှ ရောင်းချရကြောင်း ယွန်းလုပ်ငန်းရှင်များက ပြောပြသည်။ ယွန်းထည်ရောင်းချရမှု နည်းပါးသော်လည်း ယွန်းလုပ်သားများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ယွန်းလုပ်ငန်းရှင်များက ယွန်းလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း