တန့်ယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်

တန့်ယန်း မေ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁) နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်မွမ်းမံသင်တန်းအား အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အထက်တန်းအဆင့်သင်တန်းကိုလည်းကောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်သင်တန်းကိုလည်းကောင်း ဖွင့်လှစ်ရာ မြို့နယ်ပညာရေးမှူး၏ကိုယ်စား အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလွင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းစံထွန်းကလည်းကောင်း သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းပြ၊ အလယ်တန်းပြ (၁၂၄) ဦး၊ မူလတန်းပြ (၃၃၉)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကို (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။                                                                                             

မင်းလွင်ဦး(တန့်ယန်း)