လယ်ဝေး မေ ၁၈
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်း လယ်ဝေးမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေနှမ်းသီးနှံများ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးဖြစ်ထွန်းနေမှု၊ သစ်စိမ်းမြေဩဇာစိုက်ပျိုးထားရှိမှု၊ မွေးမြူရေးလုပ်ငန်းများနှင့် ကျေးရွာစာကြည့်တိုက် ဆောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ခရမ်းကိုင်းကျေးရွာအနီးရှိ ကွင်းအမှတ် ၁၈၂၃၊ တောင်သူ ဦးကျော်သောင်းနှင့် တောင်သူ ၇ ဦးတို့၏ လယ်မြေ ၁၀ ဧကတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေနှမ်းသီးနှံ(ဘောင်ကြီးတင်) စနစ်ဖြင့် စိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် တောင်သူဦးမြလှိုင်နှင့် တောင်သူ ၃ ဦးတို့၏ လယ်မြေ ၂၅ ဧကတွင် သစ်စိမ်းမြေဩဇာစိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ဗောဓိကုန်းကျေးရွာ၊ မွေးမြူရေးလုပ်ငန်းရှင်နှစ်ဦး၏ ဆိတ်မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေးကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်မည့် ကြောင်ရေကျေးရွာ စာကြည့်တိုက်မြေနေရာနှင့် ပေါက်မြိုင်ကျေးရွာ စာကြည့်တိုက်ဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေး၍ သတ်မှတ်ရက်အမီဖွင့်လှစ်နိုင်ရေးနှင့် အရည်အသွေးပြည့်မီစွာ တည်ဆောက်နိုင်ရေး မြို့နယ်ကော်မတီနှင့် ဒေသခံပြည်သူများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)