ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (တောင်ကြီး-ဟိုပုံးလမ်း) မိုင်တိုင်အမှတ် ၁၁၆/၃-၁၁၆/၄ မိုင် လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

တောင်ကြီး မေ ၁၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးန်ကြီး ဦးနေဝင်းအောင်သည် လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (တောင်ကြီး-ဟိုပုံးလမ်း) လမ်းလုပ်ငန်းများဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီကမိုင်တိုင်အမှတ် ၁၁၆/၃ - ၁၁၆/၄ မိုင်၊ သစ်တောရပ်ကွက်၊ သစ်တောဂိတ်၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသော နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီက လမ်းအကျယ် ၄၈ ပေမပြည့်မှီသောအပိုင်းအား ၄၈ ပေပြန်ချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းများအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)