နမ့်စန်မြို့ အမှတ် (၅) ရပ်ကွက်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စည်းရုံးရေးကိစ္စရပ်များအတွက် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြည်သူများ တွေ့ဆုံ

နမ့်စန်(တ) မေ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်စည်းရုံးရေးကိစ္စရပ်များအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်မိရပ်ဖပြည်သူများ တွေ့ဆုံပွဲကို နေ့နံနက် ၁ နာရီခွဲ က အမှတ် (၅) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ စစ်မှုထမ်းဥပဒေဆိုင်ရာများ၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှုမရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယားများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ မီးဘေးလုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် အမှတ် (၅) ရပ်ကွက်အတွင်း လာရောက်နေထိုင်သည့် ယာယီနေရပ်စွန့်ခွာပြည်သူ (၁၂၃) ဦးအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် ၄၉၂၀၀၀၀ကို သက်ဆိုင်ရာပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ရာစုမှူးများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                  

သူရအောင်(နမ့်စန်)