မြိတ်မြို့တွင် ခရိုင်အဆင့် အခြေခံပညာအထက်တန်းအဆင့် (Grade-10, Grade-11) ဘာသာရပ် မွမ်းမံဆွေးနွေးပွဲ ကျင်းပ

မြိတ် မေ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်အဆင့် အခြေခံပညာအထက်တန်းအဆင့် (Grade-10, Grade-11) ဘာသာရပ်မွမ်းမံဆွေးနွေးပွဲကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် မေလ (၁၈) ရက် နံနက်ပိုင်းက ကျင်းပသည်။

ဆွေးနွေးပွဲကို မြိတ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ၏ အတန်း အလိုက်၊ ဘာသာရပ်အလိုက် သင်ကြားမှုအရည်အသွေးများကို ထပ်ဆင့်မြှင့်တင်ပေးရန် ရည်ရွယ်၍ ဘာသာရပ် မွမ်းမံ ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး က အဖွင့်အမှာစကား ပြောကြား၍  ခရိုင်ပညာရေးမှူး  ဦးသန်းထိုက်က ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲကို စတင်ခဲ့သည်။ ဆွေးနွေးပွဲကို မေလ (၁၈) ရက်မှ (၂၀) ရက်အထိ ဘာသာရပ်အလိုက် အတန်းအလိုက် ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသို့ မြိတ်ခရိုင်အတွင်းရှိ မြိတ်မြို့နယ်မှ (၂၃၈) ဦး၊ ကျွန်းစုမြို့နယ်မှ (၁၄၇) ဦး၊ ပုလော မြို့နယ်မှ (၁၀၅) ဦး၊ တနင်္သာရီမြို့နယ်မှ (၃၅) ဦး စုစုပေါင်း (၅၂၅) ဦး တက်ရောက်ခဲ့ကြပြီး နည်းပြ (၃၅) ဦးမှ ဘာသာရပ်အလိုက် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)