တာမွေမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ တာဝန်ရှိသူများ မိတ်ဆက်တွေ့ဆုံပွဲ ကျင်းပ

တာမွေ မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဖက်အဖွဲ့အစည်းများ မိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အောင်မင်္ဂလာဟိန္ဒူဘုရားကျောင်း မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စည်သူက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီး ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းနှင့်အသင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝင်းက အမှာစကား ချီးမြှင့်ပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲခေါင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မြို့နယ်အသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များက တက်ရောက်လာကြ သူများအား အသီးသီး မိတ်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ တာမွေမြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်း ဘာသာပေါင်းစုံမှ ဘာသာဝင်အချင်းချင်း တစ်ဦး၏ သဘောတရား၊ ယုံကြည်ချက်နှင့် ခံယူချက်များကို အပြန်အလှန် လေးစားလျက် အတူတကွ အေးချမ်းစွာနေထိုင်သွားကြရန်၊ မြို့နယ်အတွင်း၌ ဘာသာရေးပဋိပက္ခများ (သို့) အခြားသဘာဝ ဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပေါ်လာသော သဘာဝ ဘေးဒဏ်များအပေါ် ကူညီစောင့်ရှောက်ရေး၊ ဘာသာရေးနှင့် လူမှုရေးပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် အမျိုးသားကြန်အင်လက္ခဏာကို မပျောက်ပျက် အောင်ထိန်းသိမ်းရင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဘာသာရေးနှင့် ဆက်နွယ်သော အခြားနစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် သက်ဆိုင်သည့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အဆိုပါ တာမွေမြို့နယ် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့အား တည်ထောင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)