နေပြည်တော် မေ ၁၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မေလ ၁၆ ရက်နေ့ ညနေပိုင်းက နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမအဆောက်အဦ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ထိခိုက်ပျက်စီးသည့် အစိတ်အပိုင်းများအား စနစ်တကျ ဖယ်ရှားရှင်းလင်းရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းများအမြန်ပြီးစီးအောင် ပြုပြင်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နေပြည်တော်ကောင်စီနယ်မြေ၏ မြေပြင်လူဦးရေစာရင်းများ၊ မဲစာရင်းများပြည့်စုံမှန်ကန်ရေး ဆောင်ရွက်နေမှုများကို ဝိုင်းဝန်းဆွေးနွေးစိစစ်နိုင်ရန်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း နေပြည်တော်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့ (Working Group)များကို ဖွဲ့စည်းထားပြီး လုပ်ငန်းများလည်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေတွင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့မှ (၃၁) ရက်နေ့အထိ အောင်မြင်စွာ ရာနှုန်းပြည့်ကောက်ယူနိုင်ခဲ့ကြောင်း၊ ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အသက် ပြည့်မီသူတိုင်း ဆန္ဒမဲပေးနိုင်ရေး၊ နေပြည်တော်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအနေဖြင့် အသက် (၁၈) နှစ်နှင့်အထက် အတည်ပြု လူဦးရေစာရင်း(ပဉ္စမမူကြမ်း) အား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ မှန်ကန်တိကျပြည့်စုံသော လူဦးရေစာရင်းနှင့် မဲစာရင်းများရရှိစေရေးအတွက် ရပ်/ ကျေးအဆင့်မှစ၍ အဆင့်ဆင့်သော တာဝန်ရှိသူအားလုံးက စနစ်တကျ ပြုစုဆောင်ရွက်နေရမှာဖြစ်ကြောင်းနှင့် အလေးထားကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ နေပြည် တော်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့် အဆင့်ဆင့်သောကော်မတီများမှ လုပ်ငန်းတာဝန်များကို ရွေးကောက်ပွဲမကျင်းပမှီအချိန်ထိ ဆောင်ရွက်နေရမှာဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တာဝန်ရှိသူများမှ အမြဲမပြတ်ဆွေးနွေးညှိနှိုင်းအလေးနက်ထား ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ကောင်စီရုံးအား ပြန်လည်ပြုပြင်နေမှုအခြေ အနေများကို သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် အဆောက်အဦများပြုပြင်ရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော SOPနှင့်အညီ ဆောင်ရွက်ရေး၊ စံချိန်စံညွှန်းနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရေးအပိုင်းလိုက် အမြန်ပြီးစီးအောင် ပြုပြင်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)