ရန်ကုန် မေ ၁၈
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉နာရီခွဲ အချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့် ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဂျူဂျစ်ဆု၊ Teqball ၊ Squash ၊ ဟော်ကီ ၊ ဘိုးလင်း၊ Kick Boxing၊ နပန်း၊ ကျွမ်းဘား၊Tug of War၊ Skate Boarding၊ Kabaddi အားကစားအဖွဲ့ချုပ်များမှဥက္ကဌများ၊ ဒုတိယဥက္ကဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိရန်အတွက် အင်တိုက်အားတိုက် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိအားကစားအဖွဲ့ချုပ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ဌာနမှလည်း ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဖွဲ့ချုပ်များမှလည်း ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ တိုးတက်လာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က အားကစားနည်းအလိုက် အိမ်ရှင်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးရန် ကိစ္စရပ်များ၊ နည်းစနစ်ပိုင်းနှင့် နည်းပြကိစ္စရပ်များ၊ အားကစားသမားအင်အားစာရင်းနှင့် ရွေးချယ်ရေးကိစ္စရပ်များ၊ By Name, By Number ပေးပို့ရေးကိစ္စရပ်များ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲဝင်သုံး အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းနိုင်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့
ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုများရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ မိမိတို့အဖွဲ့ချုပ်အလိုက် အားကစားသမားများ စိစစ်ရွေးချယ်ဆက်လက်စခန်းသွင်းနိုင်ရေးကိစ္စရပ်များ၊ အဖွဲ့ချုပ်သစ်ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များ၊ အထောက်အကူပြုပစ္စည်းများ သယ်ယူနိုင်ရေး ကိစ္စရပ်များ၊ စခန်းသွင်း အားကစားသမားများအတွက် အင်အားဖြည့် စားသောက်ရေးကိစ္စရပ်များ၊ Joint Training ပူးတွဲသွားရောက်လေ့ကျင့်နိုင်ရေး ကိစ္စရပ်များ၊ နည်းပြခေါ်ယူရေး ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြဆွေးနွေးမှုများအပေါ် အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)