မြိတ် မေ ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ရွှေဒူး) တွင် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူး၍ ရော်ဘာအစေးခြစ်ရာ၌ ရာဘာပင်တွင် မိုးကာဖြင့် အစေးခြစ်စနစ် နည်းပညာများကို မေလ (၁၇)ရက် နံနက်ပိုင်းက ရော်ဘာစိုက်ပျိုးတောင်သူများအား အသိပညာပေး ဆောင်ရွက်သည်။
အသိပညာပေးရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က တနင်္သာရီတိုင်းဒေသကြီး၏ အဓိကစက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်သော ရော်ဘာစိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်ရေး၊ တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ရရှိစေရေး၊ အရည်သွေးကောင်းသောကုန်ကြမ်းများ ထုတ်လုပ်နိုင်ရေးများအတွက် ပုဂ္ဂလိကခြံရှင်များအနေဖြင့် ခေတ်မီနည်း ပညာရပ်များ မျက်ခြေမပြတ်လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ မိုးကာအစေးခြစ်စနစ် ကျင့်သုံးခြင်းဖြင့် မိုးတွင်းကာလအတွင်း အစေးခြစ်နိုင်သည့်ရက်များ ပိုမိုရရှိလာပြီး အထွက်နှုန်းများ ပိုမိုတိုးတက်ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်စိုးက ရော်ဘာပင်ကို မိုးရာသီ မိုးကာ အစေးခြစ်စနစ်ဖြင့်ရော်ဘာအစေးခြစ်ခြင်း၊ ရော်ဘာပင်လုံးပတ်တစ်ဝက် ရက်ခြားရော်ဘာ အစေးခြစ်စနစ်၊ မိုးကာ အစေးခြစ်စနစ်ပုံစံများကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(ရွှေဒူး)မှ လက်ထောက်ဦးစီးမှူး ဦးသီဟမွန်က မိုးကာဖြင့်အစေးခြစ်စနစ် ဆောင်ရွက်ရွာတွင် အသုံးပြုရန် လိုအပ်သည့်ပစ္စည်းများနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ရော်ဘာစိုက်ပျိုးတောင်သူများနှင့် ရော်ဘာခြံလုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြပြီး မိုးတွင်းကာလအတွင်း အစေးခြစ်နိုင်ရန် ရော်ဘာပင်တွင် မိုးကာစနစ်ပြုလုပ်ခြင်းကို တာဝန်ရှိသူများက တောင်သူများအား လက်တွေ့သရုပ်ပြ ပညာပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)