ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကျိုင်းတောင်းအထက် ရေအားလျှပ်စစ်စီမံကိန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျိုင်းတောင်း မေ ၁၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကိုဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၁၆) ရက်၊ နံနက် (၉) နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကျိုင်းတောင်းမြို့ရှိ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။

ဦးစွာ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းရှင်းလင်းဆောင်တွင် စီမံကိန်း တာဝန်ခံညွှန်ကြားရေးမှူး ဦးစိုးလွင်မှ စီမံကိန်းနှင့်ပတ်သက်၍ ပုံစံငယ်များဖြင့် ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသော မှတ်တမ်းဓာတ်ပုံများ ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် ရှင်းလင်းဆောင်ခန်းမ၌ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း တာဝန်ခံ ညွှန်ကြားရေးမှူးက ပရိုဂျက်တာဖြင့် စီမံကိန်းလုပ်ငန်းကြိုတင်ပြင်ဆင်လုပ်ငန်းဆောင်ရွက်ခြင်း၊ မြစ်ရေလွဲခြင်းလုပ်ငန်း၊ တမံတည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုလွဲတည်ဆောက်ခြင်း၊ ရေယူအဆောက်အဦမြေကြီးကျောက်တူးဖော်ခြင်းလုပ်ငန်း၊ ရေသွယ်ဥမင်လိုဏ်တည်ဆောက်ခြင်း၊ ရေထိန်းတံခါပြွန်လုပ်ငန်း၊ ဓါတ်အားပေးစက်ရုံတည်ဆောက်ခြင်း၊ စက်ရုံရေနုတ်မြောင်း ကွန်ကရစ်လုပ်ငန်းဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်း​ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းဆိုဒ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းသည် စီမံကိန်းတစ်ခုလုံးပြီးစီးမှု (၉၀.၄၆) ရှိပြီး ၂၀၂၇ ခုနှစ်၊ မတ်လတွင် စက်များလည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ကျိုင်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်တိန်းခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကျိုင်းတောင်းမြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများအနေဖြင့် ဒေသအခက်အခဲရှိပါက တင်ပြပေးကြရန်နှင့် တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြို့အုပ်ချုပ်ရေးမှူးမှ ကျိုင်းတောင်းမြို့ ဒေသဆိုင်ရာအချက်အလက်နှင့် လိုအပ်ချက်များ တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်များ၏လိုအပ်ချက် တင်ပြထားသည့် ကိစ္စရပ်များကို ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပေးရန်နှင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ကို ဆောက်ရွက်ပေးလျက်ရှိပြီး ကျေးလက်ဒေသစိုက်ပျိုးရေးရေရှိရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျရာတွင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးကြရန်၊ ပညာရေးကဏ္ဍတွင်လည်း ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရေး အတွက် ဆောင်ရွက်ပေးကြရန်၊ သစ်တော၊ သစ်ပင်များစိုက်ပျိုးပေးကြရန် လိုအပ်ပါကြောင်း၊ သစ်ပင်ပြုန်းတီးပါက ရာသီဥတုဖောက်ပြန်နိုင်ပါကြောင်း၊ လာမည်မိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးပေးကြရန်နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျိုင်းတောင်းမြို့ဌာနဆိုင်ရာများအတွက် ချီးမြှင့်ငွေများ ပေးအပ်ရာ ကျိုင်းတောင်းမြို့အုပ်ချုပ်ရေးမှူးမှ လက်ခံရယူကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွိုင်လင်မြို့တွင် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းမိုင်(၁၇၁/၁-၁၇၁/၃)အတွင်း လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ လွိုင်လင်ခရိုင်၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က မိုးတွင်းကာလတွင် ရေထွက်ပေါက်များကို ကြည့်ရှုစစ်ဆေးပေးရန် မှာကြားခဲ့သည်။ အဆိုပါလမ်းတံတားလုပ်ငန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအကုန်ပြီးစီးမည်ဖြစ်ကြောင်း သိရပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ ရေထွက်တွင် သံဇကာတပ်တင်ခြင်းပြီးစီးမှု မြေထိန်းနံရံနှင့် လမ်းတိုးချဲ့ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)