ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် အခြေခံပညာအထက်တန်းကျောင်းများ၌ သန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး မေ ၁၈

မကြာမီကာလတွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပြီး မေလ (၂၂) ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများစတင်လက်ခံတော့မည်ဖြစ်၍ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေနှင့် အမြဲ သန့်ရှင်းသပ်ရပ်စွာ ရှိနေရေးသည် အရေးကြီးသောကြောင့် မေလ (၁၇) ရက်၊ နံနက် (၈) နာရီက တောင်ကြီးမြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ကွင်းဆင်းကြည့်ရှုစစ်ဆေး အားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်စာသင်ခန်းများ ပြုပြင်နေမှုကို ကြည့်ရှုစစ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဖွင့်ချိန်မရောက်မီ အမြန်ပြီးစီးနိုင်ရေး ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ပြုပြင်နေသောစာသင်ခန်းများအား လှည့်လည်ကြည်ရှုစစ်ဆေးကြသည်။

၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် မေလ (၂၂) ရက်နေ့မှစ၍ (၂၅) ရက်နေ့အထိ မူလတန်း၊ အလယ်တန်း၊ ကျောင်းသားဟောင်းများနှင့် မေလ (၂၆) မှ (၂၇) ထိ အထက်တန်းကျောင်းသားဟောင်းများ လက်ခံမည်ဖြစ်ပြီး မေလ (၂၈၊၂၉) ရက်နေ့တွင် G-1 မှ G-11ထိ ကျောင်းသားသစ်များ လက်ခံ၍ မေလ (၃၀) ရက်မှ ဇွန်လ (၁) ရက်နေ့အထိ KG ကျောင်းသားသစ်များကို လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်ရာတွင် မွေးစာရင်းမူရင်း၊ အိမ်ထောင်စုဇယားယူဆောင်လာရန်နှင့် မိဘအုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းနှင့်အညီ ကျောင်းဝတ်စုံဝတ်ဆင်လာရမည် ဖြစ်ကြောင်းသိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းဝင်အတွင်းနှင့် စာသင်ခန်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ ကျောင်းရှိ ရေနုတ်မြောင်းသန့်ရှင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်တောရပ်ကွက်၊ သပြေလမ်းတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများအတွင်း အမှိုက်များ၊ မြေကြီးများကို မြို့နယ်စည်ပင်သာယာရေးဌာနမှ သန့်ရှင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ကြီးမြို့ တက္ကသိုလ်ကျောင်းရှေ့ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြောင်းအတွင်း အမှိုက်များဆည်ယူနေမှုနှင့် အနောက်မြို့ပတ်လမ်း ရဲဘော်စျေးဟောင်းအနီးရှိ ဂနိုင်ကန်ထဲသို့စီးဝင်သော ရေနုတ်မြောင်း၊ ချောင်းအားအမှိုက်များ သန့်ရှင်းဆောင်ရွက်နေမှုနှင့် ဂနိုင်ကန် (၃) ရေဝင်ရောက်နေမှုနှင့် အမှိုက်ဆည်ယူနေမှုကို ကြည့်ရှု၍ တောင်ကြီးမြို့၊ ညောင်ဖြူစခန်း၊ ပြည်တော်သာရပ်ကွက်အကြား ရေနုတ်မြောင်းမှာ မိုးသည်းထန်စွာရွာသွားမှုကြောင့် ရေများလျှံ၍ နေအိမ်အုတ်တံတိုင်းများ ပြိုကျသွားသည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)