ထားဝယ် မေ ၁၇
မေလ ၂၂ ရက်နေ့တွင် ဖွင့်လှစ်မည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းစနစ်တကျရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများတို့က ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုးချဲကျောင်းဆောင်အားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားကာ ၂၀၂၅-၂၀၂၆ စာသင်နှစ် ကျောင်းဖွင့်ရာသီအတွက် ကျောင်းအပ်လက်ခံနိုင်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား /သူများအတွက် စာသင်ခုံများအလုံ အလောက်ထားရှိပေးရန်၊ စာသင်ခန်းအတွင်း၊ အပြင် သန့်ရှင်းရေး၊ လေဝင်လေထွက် ကောင်းမွန်ရေးနှင့် အလင်းရောင် လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ မိုးရာသီရောက်ရှိနေပြီး ဖြစ်သောကြောင့် ရေစီးရေလာကောင်းမွန်ရေး၊ အုတ်စီရေမြောင်းများအား တည်တံ့ခိုင်ခံအောင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)