တာမွေမြို့နယ်ရှိ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ အရေးပေါ်လူနာများအား ထိရောက်စွာကုသပေးနိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်

တာမွေ မေ ၁

သဘာဝဘေးအန္တရာယ်နှင့် အခြားသောမတော်မဆမှုများကြောင့် လူအများထိခိုက်ဒဏ်ရာရရှိပြီး လူနာများ အစုလိုက်၊ အပြုံလိုက်ဆေးရုံများသို့ ရောက်ရှိလာပါက အရေးပေါ်ထိခိုက်စွာ ကုသပေးနိုင်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုအရ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်ကိုဆေးရုံများတွင် ရေးဆွဲထားရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် နတ်မောက် ရပ်ကွက် နတ်မောက်လမ်းရှိ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ အရေးပေါ်လူနာများအား ထိရောက်စွာ ကုသပေးနိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါမျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ အရေးပေါ်လူနာများအား ထိရောက်စွာ ကုသပေးနိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ရာတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဇော်နှင့် ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်နှင့် အခြားသော မတော်မဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး အစုလိုက်၊ အပြုံလိုက်ဆေးရုံသို့ ရောက်ရှိလာသည့် အရေးပေါ်လူနာများအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်ပါအတိုင်း ဆေးကုသမှုပေးပုံအဆင့်ဆင့်ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များ ကျရောက်လာပါက ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် လူနာများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း အပါအဝင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေးအတွက် ကြိုတင်ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများကိုလည်း အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်