ရွှေပြည်သာမြို့နယ်ရှိ စက်ရုံအလုပ်ရုံများ၌ သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် အသိပညာပေးဆွေးနွေး

ရွှေပြည်သာ မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ အလုပ်သမားဝန်ကြီးဌာနအလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ စက်ရုံ(၄)ရုံ၌ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ G&B(Myanmar)Co,Ltd အထည်ချုပ်စက်ရုံ၌ လည်းကောင်း၊ ရွှေဇာမဏီ အထည်ချုပ်စက်ရုံ၌ လည်းကောင်း၊ Myanmar TinnanCo,Ltd အထည်ချုပ်စက်ရုံ၌ လည်းကောင်း၊ Hong Shung DaCo,Ltd အထည်ချုပ်စက်ရုံ၌လည်းကောင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြရာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းကိုကိုနှင့် ဦးစီးအရာရှိ ဦးသန်းထွန်းဇော်(ဥပဒေစစ်ဆေးရေး)တို့က အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။

ယခုကဲ့သို့ အသိပညာပေး ဆွေးနွေးမှုများကို ပြုလုပ်ပေးခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေများကို သိရှိလာပြီး အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်အေးချမ်းသာယာ၍ ကုန်ထုတ်လုပ်မှု တိုးတက်ကာ နိုင်ငံ၏ စီးပွားရေးကဏ္ဍများကို အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)