မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် တက္ကသိုလ်နှင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

ချမ်းအေးသာစံ မေ ၁၇

တက္ကသိုလ်နှင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ သင်တန်းနည်းပြများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းမှ ရရှိခဲ့သည့် ဥပဒေအသိပညာများကို မိမိတို့လုပ်ငန်းနယ်ပယ်အသီးသီး ရောက်ရှိသည့်အခါ ဝန်ထမ်းများကို ဆင့်ပွားပြန်လည်ပို့ချသွားနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြ စေလိုကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီး ဥပဒေအရာရှိတို့က သင်တန်းတက်ရောက်ခဲ့သည့် တက္ကသိုလ်များမှ သင်တန်းသားများ၊ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား စုစုပေါင်း သင်တန်းသား ၅၆ ဦးအား သင်တန်းဆင်းလက်မှတ်များပေး အပ်ပြီးနောက် သင်တန်းသားများ ကိုယ်စားဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားများ လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်