ရန်ကုန် မေ ၁၇
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်၊ ဘော်လီဘော၊ ဂျူဒို၊ တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့လူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော လှေလှော်၊ ဘော်လီဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် နည်းပြချုပ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်၊ ဘော်လီဘော၊ ဂျူဒို၊ တိုက်ကွမ်ဒိုပြိုင်ပွဲများကို မေလမှ ဇွန်လထိ ရန်ကုန်မြို့၌ သက်ဆိုင်ရာ အားကစားကွင်း/ရုံများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူ ဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှု ရရှိစေရေးနှင့် မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးအတွက်ရည်ရွယ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို (၂)လကြိုတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ စည်းမျဉ်း/စည်းကမ်းများအတိုင်း ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ဖို့လိုကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများအား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် ခွင့်မပြုကြောင်း၊ ဒိုင်များကလည်း ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျကျ ဆုံးဖြတ်ပေးရန်လိုကြောင်း၊ အုပ်ချုပ်မှုဆိုင်ရာ မလိုလားအပ်သည့် ကိစ္စရပ်များ မဖြစ်ပွားအောင် အားလုံးမှာတာဝန်ရှိပါကြောင်း၊ ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဆွေးနွေးပြောကြားပြီး လှေလှော်၊ ဘော်လီဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့်နည်းပြချုပ်တို့က ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲ များအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက်ပြိုင်ပွဲတွင် လိုအပ်သည့်ပြိုင်ပွဲ သုံးပစ္စည်းများရရှိရေး၊ သယ်ယူပို့ဆောင်ရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးအတွက် ဆေးအကာအကွယ်ပေးရေး၊ ဒိုင်လူကြီးတာဝန်ထမ်းဆောင်နိုင်ရေး၊ ဖွင့်ပွဲ/ပိတ်ပွဲကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ပုဂ္ဂိုလ်များမှ အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက တင်ပြဆွေးနွေးမှုများအပေါ် ထပ်မံဖြည့်စွက်ဆွေးနွေး၍ လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)