နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော် မေ ၁၆

နေပြည်တော်အတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများနှင်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် ယာယီအဆောက်အဦများမိုးမကျမီ အမြန်ဆောက်လုပ်ပေး‌ရေး၊ အခြေခံပညာကျောင်းများတွင် ယာယီကျောင်းဆောင်များအား ကျောင်းဖွင့်ချိန်အမီပြီးစီး‌ရေးနှင့် ခိုင်ခံ့မှုရှိ‌အောင်ဆောက်လုပ်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများ စခန်းသွင်း လေ့ကျင့်သင်ကြားနေမှုအား လိုအပ်ချက်များပြည့်စုံအောင် ဖြည့်စည်းဆောင်ရွက်ပေးရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ဖွဲ့စည်းမှုများ စနစ်တကျဆောင်ရွက်ပြီး သဘာဝဘေးဖြစ်ပွားလာပါက လုပ်ငန်းကော်မတီများမှ သတ်မှတ်လုပ်ငန်းတာဝန်များအတိုင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တ‌စ်‌ပြေးညီ တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးအတွက် ကာလတို၊ ကာလရှည်အစီအမံများ စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး၊ ယာယီနေထိုင်မည့် Container House များကိုလည်း ပျက်စီးမှုမရှိအောင်  စည်းကမ်းတကျနေထိုင်စေရေး၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ပြီးစီးအောင် အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရေး၊ စိုက်ခင်းများအတွင်း မိုးများပြီး ရေဝင်ရောက်မှုများအား သက်ဆိုင်ရာဌာနများမှ တောင်သူများနှင့်ပူပေါင်းပြီး စက်ယန္တရားများဖြင့် ရေအမြန်ကျဆင်းအောင်ဆောင်ရွက်ရေး၊ ငလျင်ဘေးကြောင့် ပျက်စီးဆုံးရှုံး မှုစာရင်းများအား မှန်ကန်မှုရှိအောင် စနစ်တကျပြုစုတင်ပြရေး၊ ငလျင်ဘေးသင့်ဝန် ထမ်းများအတွက် သက်သာ‌ချောင်ချိရေးကိစ္စရပ်များ ဆောင်ရွက်ပေးရေး၊ ထိခိုက်ပျက်စီးခဲ့သောရုံးများ အမြန်ပြန်လည်ပြုပြင်ပြီး ရုံးလုပ်ငန်များများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများအား အမြဲမပြတ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး သဘာဝဘေးပြန်လည် ထူထောင်ရေးလုပ်ငန်းများအမြန်ပြီးစီး စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမတွင် ငလျင်ဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက်   M B K Company Limited မှ ဘိလပ်မြေတန်ချိန် တစ်ထောင်၊ အိတ်နှစ်သောင်းအား လာရောက်လှူဒါန်းရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)