မြစ်ကြီးနား မေ ၁၇
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၁၅ ရက် နံနက်ပိုင်းက ဖုန်ကန်ရာဇီခန်းမ၌ ဆရာ၊ ဆရာမများ၊ Grade-12 ကျောင်းသား/ကျောင်းသူများ၊ ဒေသခံတောင်သူများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာကျောင်းသား/ ကျောင်းသူလေးများက တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က Grade-12 စာမေးပွဲပြန်လည်ကျင်းပ ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်နယ်၏အောင်ချက်မြင့်မား ရေးနှင့် ပညာရေးကဏ္ဍတိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် များ တိုးတက်မြှင့်မားလာစေရေး ခရိုင်အလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် ဇနီး၊ တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံ လုပ်ငန်းရှင်များက ပူးပေါင်း၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားရေး ဆရာ/ဆရာမများအတွက် နေ့တွက်စရိတ်အဖြစ် စုစုပေါင်း ငွေကျပ်သိန်း(၁၀၀၀)ကိုလည်းကောင်း၊ ကျောင်းသား/ကျောင်းသူများအား သင်ကြားပို့ချပေးသော မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းကိုလည်းကောင်း၊ ဘာသာအလိုက် သင်ကြားပို့ချပေးသော အခြေခံ ပညာဆရာ/ဆရာမ (၁၃၀)ဦးတို့အတွက် ချီးမြှင့်ငွေကျပ် (၆၅)သိန်းနှင့် အာဟာရကျွေးမွေးရန်အတွက် ငွေကျပ်သိန်း(၅၀)ကို လည်းကောင်း၊ ကျောင်းသား/ကျောင်းသူများအတွက် အထွေထွေအသုံးစရိတ်နှင့်အရန်အသုံးစရိတ်အဖြစ် ငွေကျပ် (၃၅) သိန်းကိုလည်းကောင်း၊ ဆန်အိတ် (၇၅)အိတ်နှင့် စားသုံးဆီပိဿာ (၁၈၀)ကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး အခြေခံပညာကျောင်းသား/ကျောင်းသူလေးများက တေးသီချင်းသရုပ် ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်သမဝါယမဦးစီးဌာနက မိုးစပါးနှင့် သီးထပ်စိုက် ပျိုးထွန်ယက်နိုင်ရေး (၁)နာရီ လျှင် (၀ ဒဿမ ၂၅)ဧက ထွန်ယက်နိုင်သည့် မြင်းကောင်ရေ (၁၃)ရှိ ငွေကျပ် (၃၇၀၀၀၀) တန်ဖိုးရှိ လက်တွန်းထွန်စက်များကို အရစ်ကျနစ်ဖြင့် ဝယ်ယူကြမည့် ပူတာအို၊ မချမ်းဘောနှင့် နောင်မွန် မြို့နယ်များမှ တောင်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး အလှူရှင်များအတွက် ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ ဒေသခံကုမ္ပဏီလုပ်ငန်းရှင်များက ပရဟိတလူမှုကူညီရေး အသင်းအတွက် အရေးပေါ်လူနာတင်ယာဉ်နှင့် အရန်မီးစက်ကိုလည်းကောင်း၊ သက်ပြည့်ပင်စင်ခံ စားမည့် အရာထမ်း(၁)ဦးနှင့် ဆေးပင်စင်ခံစားမည့် ဆရာဝန်(၁)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဒေသခံများသည် ခန်းမဘေး၌ တောင်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြသော လက်တွန်းထွန်စက်များနှင့် လူနာတင်ယာဉ်တို့ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပူတာအိုမြို့ ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြပြီး ဆေးဝါးကုသစရိတ်များကို ထောက်ပံ့ပေးအပ်ကာ ဆေးရုံသစ်သား လူနာဆောင်အား ကြမ်းခင်းအသစ်ဆောင်ရွက်နိုင်ရေးနှင့် ရေရရှိရေးအတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကာ ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးအမှာစကားပြောကြားပြီး ထောက် ပံ့ငွေကျပ် (၂၀)သိန်းကို ထောက်ပံ့ပေးအပ်သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လေယာဉ်ကွင်းရပ်ကွက်အတွင်းရှိ လီဆူရိုးရာကွင်းသို့ရောက်ရှိပြီး ပူတာအိုမြို့နယ် လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်းတာဝန်ရှိသူ များ၊ ဒေသခံများနှင့် တွေ့ဆုံပွဲကျင်းပသည်။
အဆိုပါ တွေ့ဆုံပွဲတွင် လီဆူလူငယ်များက လီဆူတိုင်းရင်းသားရိုးရာ အကအလှများဖြင့်လည်းကောင်း၊ လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက် စကားပြော ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အေးချမ်းတည်ငြိမ်ရေးနှင့်ဘက်ပေါင်းစုံ၊ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် မိမိတို့လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို မပျောက်ပျက်အောင် လက်ဆင့် ကမ်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်သည်များကို ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး လီဆူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ရိုးရာအကအဖွဲ့လူငယ်များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့ သန့်ရှင်းသာယာလှပပြီး မိန်းလမ်းမကြီးတစ်လျှောက် ပန်းများဖြင့် ဝေဆာဖွင့်ဖူးနေစေရေးအတွက် မြို့မရပ်ကွက်၊ လုံးစွတ်ရပ်ကွက်မှ လေယာဉ်ကွင်းသွား လမ်းဘေးဝဲ/ယာ၌ ပန်းခြံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လေဆိပ်၌ စိုက်ပျိုးထားသည့် စက္ကူပန်းပင်များနှင့် လေဆိပ်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)