အမရပူရ မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ လိပ်ဆံခွန် (အနောက်) ကွင်းအမှတ် ၆၄၈ (ခ)၊ ဦးပိုင်အမှတ် ၁၃၄/၁ ရှိ တောင်သူဦးသန်းထွန်း၏ ၂.၄၀ ဧကရှိ မနောသုခ(မုရင်း)စပါး နွေစပါး စံပြကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က အဆိုပါ လယ်ကွင်း၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နွေစပါး၊ မနောသုခ(မုရင်း) စပါးစံပြကွက်ရိတ်သိမ်းခြင်း သရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ မဟာအောင်မြေခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးရဲမင်းသောင်း၊ အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးမျိုးလှိုင်နှင့် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဝန်ထမ်းများ၊ စိုက်ပျိုးရေး/မြေစာရင်းဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ခဲ့သည်။ ယင်းစံပြကွက် ရိတ်သိမ်းရာတွင် တစ်ဧက အစိုထွက် (၁၅၁)တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုးသီဟ(အမရ)