မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ခြင်း နည်းပညာပိုင်းဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ မေ ၁၆

မန္တလေးတိုင်းဒေသကြီးအတွင်း အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော အဆောက်အအုံများ၊ ပြုပြင်တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ခြင်း  နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (မန္တလေး)တို့မှ အင်ဂျင်နီယာများ၊ ပညာရှင်များ၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊  ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။  

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ‌ပြောကြားရာတွင် မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း ထိခိုက်ပျက်စီးသေဆုံးမှုများ ရှိခဲ့ပါကြောင်း၊ ယခုအခါ ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ထိခိုက်ပျက်စီးခဲ့သော အဆောက်အအုံများကို ပညာရှင်အဖွဲ့များဖြင့် စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး အရောင်အဆင့်များဖြင့် ခွဲခြားသတ်မှတ်ပေးခဲ့ပါကြောင်း၊ ပျက်စီးသွားသော အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံ အဆောက်အအုံများ ဆောက်လုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် အထောက်အကူပြုသည့် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲကိုကျင်းပ ပေးခြင်း ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရသည့်လုပ်ငန်းများ ဖြစ်ပါကြောင်း၊ မြေပြင်တွင် လက်တွေ့ဆောင်ရွက်နေသူများ ဖြစ်သည့်အတွက် ဆွေးနွေးပွဲမှ ရရှိသည့် နည်းလမ်းများကို အခြေခံ၍ အကောင်းဆုံးနည်းလမ်းများဖြင့်   အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယခုဖြစ်စဉ်များကို သင်ခန်းစာယူပြီး ဆောက်လုပ်ရေးအပိုင်းတွင် အင်ဂျင်နီယာဆိုင်ရာ စံချိန်စံညွှန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည့်မီရန် အလေးအနက်ဂရုပြုကာ စနစ်တကျ ကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လိုင်စင်ရကျွမ်းကျင်ပညာရှင် အဆင့် ၁ နှင့် မြန်မာနိုင်ငံမှ လိုင်စင်ရ PE (Structure) ပညာရှင်များက အင်အားပြင်းငလျင်ဖြစ်ပြီး​နောက် အ​ဆောက်အဦ ခိုင်ခံ့မှုစစ်​ဆေးခြင်း ၊ ခိုင်ခံ့မှုဒီဇိုင်း ပြန်လည်တွက်ချက်ခြင်း၊  ခိုင်ခံ့မှုဒီဇိုင်း တိုးမြှင့်အောင် ဒီဇိုင်းတွက်ချက်ခြင်း၊ ငလျင်​ကြောင့် ပျက်စီးမှုများအား ပြန်လည်ပြင်ဆင်မွန်းမံခြင်း နည်းပညာများကို Power point ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပညာရှင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာဌာနများမှ အင်ဂျင်နီယာများက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပြီးနောက် တိုင်း ဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင် (ပြန်/ဆက်)