ပျော်ဘွယ်မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်

ပျော်ဘွယ် မေ ၁၆

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ် (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ ကျေးလက်နေပြည်သူများ ကျန်းမာရေးဗဟုသုတရရှိစေရန် ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းကို မေလ (၁၆) ရက်၊ နံနက် (၉) နာရီခွဲက ဂွေးဇီးကျေးရွာအုပ်စု၊ မယ်ဇလီအိုင့်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပျော်ဘွယ်မြို့နယ် (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံအုပ် ဒေါ်သက်နှင်းဦးက ရာသီအလိုက် ဖြစ်ပွားတတ်သောရောဂါများ၊ ကျန်းမာရေးအတွက် အသက်အရွယ်အလိုက် ပြုလုပ်သင့်သည့် လေ့ကျင့်ခန်းများ၊ ဆောင်ရန်ရှောင်ရန်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ် (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံအုပ်နှင့် ဝန်ထမ်းများက ကျေးရွာအတွင်းရှိ ခါးနာ၊ ဒူးနာ လူနာများအားစစ်ဆေးကုသခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါဝေဒနာရှင်များအား တိုင်းရင်းဆေးနည်းပညာဖြင့် ကုသပေးခြင်းနှင့် အကြံဉာဏ်များပေးခြင်း စသည့်လူနာများအား အခမဲ့ကုသပေးခဲ့ကြောင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် ဝေဒနာရှင်များကိုလည်း မြို့နယ်တိုင်းရင်းဆေးရုံတွင် ကုသမှုများ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)