ကျောက်ပန်းတောင်းမြို့ ကုန်းတော်ကြီးမင်္ဂလာစေတီဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ညှိနှိုင်းဆွေးနွေး

ကျောက်ပန်းတောင်း မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်ကုန်းတော်ကြီး မင်္ဂလာစေတီဘုရား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို၊ မေလ (၁၅) ရက်နေ့ ညနေ (၅) နာရီက မင်္ဂလာစေတီဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဩဝါဒဆရာတော် မင်္ဂလာစေတီဘုန်းတော်ကြီးကျောင်း ဦးစီးပဓာန နာယက ဘန္တဒ္ဒဇဝန၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့မတောင်ရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ ကုန်းတော်ကြီး မင်္ဂလာစေတီဘုရားကြီး ဂေါပကအဖွဲ့ နာယကများ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြ၍ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး၊ ကုန်းတော်ကြီးမင်္ဂလာစေတီဘုရားကြီး၏ ဩဝါဒဆရာတော် မင်္ဂလာစေတီ ဘုန်းတော်ကြီးကျောင်း ဦးစီးပဓာနနာယက ဘန္တဒ္ဒဇဝနထံမှ ဩဝါဒခံယူကြသည်။ ဆက်လက်၍ ဂေါပကအဖွဲ့ နာယက ဦးကံအောင်က ဘုရားကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့်ပတ်သက်၍ လိုအပ်ချက်များ၊ လတ်တလော လေ့လာဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ရေးလုပ်ငန်း ကော်မတီကို ရပ်မိရပ်ဖများပါဝင်သည့် (၁၅) ဦးဖြင့် ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ ခွဲဝေကြသည်။ ယင်းနောက် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းထိုက်က လုပ်ငန်းများ အောင်မြင်အောင် ညီညီညွတ်ညွတ်ဖြင့် ပူပေါင်းဆောင်ရွက် သွားကြရန်နှင့် ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသူအားလုံးက ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ ကုန်းတော်ကြီး မင်္ဂလာစေတီဘုရားကြီးကို လွန်ခဲ့သည့် (၂၀၁၄) ခုနှစ်က တတိယအကြိမ်အဖြစ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပြီး၊ ယခုအခါ ရွှေသင်္ကန်းအသစ် ကပ်လှူပူဇော်ရန် လိုအပ်လာသဖြင့် စတုတ္ထအကြိမ်မြောက် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်း (၄၀၀) ခန့်ရှိမည်ဖြစ်ကြောင်း သိရပြီး၊ ရပ်နီး/ရပ်ဝေးမှ ကုသိုလ်ပြုလှူဒါန်းလိုသူများအနေဖြင့်လည်း (ဂေါပကဥက္ကဋ္ဌ) ဦးသောင်းထိုက် (၀၉-၇၉၄၇၆၁၉၂၉/၀၉-၆၆၃၄၅၉၉၂၉)သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)