မဟာအောင်မြေမြို့နယ်၊ ဂရိတ်ဝေါလ်ဟိုတယ်အဆောက်အဦမှ ဆယ်တင်ရရှိသော ငွေကြေးနှင့် ပစ္စည်းများအား လွှဲပြောင်းပေးအပ်         

မဟာအောင်မြေ မေ ၁၆

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မဟာအောင်မြေမြို့နယ်ရှိ ဂရိတ်ဝေါလ်ဟိုတယ်အဆောက်အဦ ပြိုကျပျက်စီးခဲ့ပြီး  ဆယ်တင်ရရှိလာသော ငွေကြေး၊ ပစ္စည်းနှင့် စာရွက်စာတမ်းများအား သက်ဆိုင်သည့်ပုဂ္ဂိုလ်များထံ လွှဲပြောင်းပေးအပ်ပွဲကို မေ ၁၅ ရက် ယမန်နေ့ နေ့လယ် ၂ နာရီက မဟာအောင်မြေမြို့နယ် အမှတ်(၉) မြို့မရဲစခန်း၌ ကျင်းပခဲ့သည်။

အဆိုပါ လွှဲပြောင်းပေးအပ်ရာတွင် မဟာအောင်မြေခရိုင်၊ပစ္စည်းလက်ခံရှာဖွေစုဆောင်းရေးနှင့် ပြန်လည်အပ်နှံရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး ဝဏ္ဏအောင်က ဂရိတ်ဝေါလ်ဟိုတယ်အဆောက်အဦအတွင်းရှိ ဆယ်တင်ရရှိလာသော ငွေကြေး၊ပစ္စည်းနှင့်စာရွက် စာတမ်းများအားသက်ဆိုင်သည့် ပုဂ္ဂိုလ်များထံ စိစစ်၍ လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း၊ ယနေ့ လွှဲပြောင်းပေးအပ်ပွဲတွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ ကျန်းလိရှန်ထံသို့ I Phone ၄ လုံး၊ မြန်မာငေွကျပ် ၂၁၆ သိန်း၊ ကျောက်မျက်ရတနာမျိုးစုံ (၁၄)မျိူး စုစုပေါင်း(၁၆)မျိူးအား လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မဟာအောင်မြေခရိုင်၊ ပစ္စည်းလက်ခံရှာဖေွစုဆောင်းရေးနှင့်ပြန်လည်အပ်နှံရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး ဝဏ္ဏအောင်နှင့် အဖွဲ့ဝင်များက တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ ကျန်းလိရှန်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)