မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းအပ်နှံရေး၊ ၂၀၂၅ ခုနှစ် ဓမ္မာစရိယ နှင့် ပါဠိပထမပြန်စာမေးပွဲများ ပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချမ်းအေးသာစံ မေ ၁၆

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ခုနှစ်ဇွန်လအတွင်း ပြန်လည်ကျင်းပစစ်ဆေးသွားမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ ကျောင်းအပ်နှံရေး၊ မန္တလေးငလျင်ကြီးကြောင့်ရပ်ဆိုင်းခဲ့သော ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေလ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးမှူး ရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုခွင့်ရရှိသည့် Grade-12 ကျောင်းသား၊ ကျောင်းသူများ သတ်မှတ်စာစစ်ဌာနများ တွင် စာမေးပွဲပြီးဆုံးသည်အထိ စိတ်အေးချမ်းမြေ့စွာဖြင့် ဝင်ရောက်ဖြေဆိုသွားနိုင်ရန်၊ စိတ်ခွန်အား ပြည့်ဝနေစေရန်နှင့် ကျန်းမာရေး ကောင်းမွန်နေစေရန် အထူးဂရုစိုက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ ၂၀၂၅-၂၀၂၆ပညာ သင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်တွင်စတင်ဖွင့်လှစ်သွား မည်ဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်နှစ် နောက်မကျစေရေး ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူနိုင်ရန် စာသင်ခန်းများအတွင်းရောက်ရှိရေး အားလုံးဝိုင်းဝန်းကြိုးပမ်းကြ ရမည်ဖြစ်ပါကြောင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သင်ထောက်ကူ ပစ္စည်းများ အဆင်သင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားကြရမည်ဖြစ်ပါကြောင်း၊ မန္တလေး ငလျင်ကြီးကြောင့် ရပ်ဆိုင်းခဲ့သော ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ညွှန်ကြားချက်များနှင့်အညီ၊  ဆရာတော်ကြီးများ၏ ဩဝါဒများခံယူ၍ ဇွန်လ ၂ရက်မှစတင်၍ စာမေးပွဲများကို ပြန်လည်ကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ ဖြေဆိုမည့် ရဟန်း၊ သာမဏေနှင့် သီလရှင်များ  စာမေးပွဲကို စိတ်အေးချမ်းမြေ့စွာဖြင့် ချောမွေ့စွာဖြေဆိုသွားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ကြံ့ခိုင်မှုရှိသည့် စာဖြေခန်းများဖြစ်စေရေး၊ အလင်းရောင်ကောင်းမွန်းစွာရရှိရေး၊ လေဝင်လေထွက် ကောင်းမွန်ရေး၊ သွားလာမှုအဆင်ပြေချောမွေ့ စေရေးတို့အတွက် ကဏ္ဍများ အလိုက် လုပ်ငန်းများလစ်ဟင်းမှုမရှိစေရေး စနစ်တကျ  ကြပ်မတ်ဆောင် ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာအိရွှေစင်က  ပြန်လည်ကျင်းပ သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံခြင်းများကို ၂၀၂၅ ခုနှစ် မေ ၂၂ ရက်မှစတင် လက်ခံဆောင်ရွက်ပေးသွားမည့်အစီအစဉ်များ၊ ကျောင်းများ၊ စာသင်ခန်းများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးမှု အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီး  သာသနာရေး ဦးစီးမှူးက ၂၀၂၅-ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ စာဖြေဌာနများအတွက် လျာထားနေရာများ၊ စာရင်းသွင်းသံဃာအရေအတွက်များကိုလည်းကောင်း၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းများအောင်မြင်စွာပြီးစီးရန် ပူးပေါင်း ဆောင် ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ဖြည့်စွက်ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်