တာမွေ မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် သူငယ်တန်း(KG)မှ ဧကဒဿမတန်း (Grade-11)အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများကို အသီးသီးထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သူငယ်တန်း(KG)မှ ဧကဒဿမတန်း (Grade-11)အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်းအပါအဝင် အခြေခံပညာမူလတန်း/ အလယ်တန်း/ အထက်တန်းအဆင့်ကျောင်း စုစုပေါင်း(၃၅)ကျောင်းရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား/သူ ရာနှုန်းပြည့်နီးပါး ဖြေဆိုအောင်မြင်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)