ပုဗ္ဗသီရိ မေ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နေ့လယ် ၁ နာရီအချိန်က စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးက ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ထိန်းသိမ်းကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အမှန်တကယ်စာကြည့်တိုက်ကို စိတ်ဝင်စားပြီး မြတ်နိုးတန်ဖိုးထားသည့် ပုဂ္ဂိုလ်များကို ဖွဲ့စည်းစေချင်ပါကြောင်း၊ စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်မှူးများအနေဖြင့်လည်း လူငယ်များ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးကို ဝိုင်းဝန်းနှိုးဆော် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ကျေးရွာစာကြည့်တိုက် ရေရှည်ခိုင်မာပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာအုပ်စာစောင်များ ဆက်လက်တိုးပွားရရှိစေရေး လုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း အစရှိသည်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်မှူးများက မိမိတို့ရပ်ကွက်ကျေးရွာစာကြည့်တိုက်တွင် နောက်ဆုံးအသစ် ထပ်မံဖွဲ့စည်းထားသည့် စာရင်း၊ လက်ရှိစာကြည့်တိုက်ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
နန်းရွှေရတီ (ပြန်/ဆက်)