ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”” ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်များစိုက်ထူ

ပုဇွန်တောင် မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၆)ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်ဈေးရှေ့တွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။

အဆိုပါဆိုင်းဘုတ်စိုက်ထူပွဲသို့ ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးရေးရာအဖွဲ့ဝင်များ၊ ပုဇွန်တောင်ဈေးတာဝန်ခံများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းများတွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူထားရှိမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၆)ကျောင်းရှိ၍ ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် သတ်မှတ်ထားပြီး ကျောင်းဖွင့်ချိန်အမှီ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အပတ်စဉ်စနေနေ့တိုင်း ကျောင်းတွင်းနှင့် ကျောင်းပြင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟန်စုယဉ်