မောက်မယ်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း ကျင်းပ

မောက်မယ် မေ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌  ယနေ့နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ကလေးအလုပ်သမားနှင့်ပတ်သက်ပြီး အသက်အပိုင်းအခြား၊ ကာလအပိုင်းအခြား၊ ကလေးတစ်ဦးတစ်ယောက်ဖြစ်ကြောင်း အထောက်အထားများ၊ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များ အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်ပြသထားရှိမှုအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်။  

ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရာ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များ၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များကိန်းအောင်းနေစေရန် စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ရခြင်းကို ပြောကြားပြီး ဇာတ်လမ်းနှင့်သရုပ်ဖော် ဥမ္မာကြူရေးသားထားသော “တို့ပတ်ဝန်းကျင် ချစ်ခင်ကြပါစို့” စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာများကို တက်ရောက်လာသည့် (Book Club)စာပေချစ်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)