ကျောက်ဆည် မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းဆန်စပါးဖူလုံ ပိုလျှံရေးနှင့် တောင်သူပညာပေးအဖြစ် စံပြကွက်နွေးစပါး(၁၀၀)ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ နွေစပါးများကို ပတ္တာကျေးရွာအုပ်စု ကွင်းအမှတ်(၂၀၉/ခ) တောင်သူ(၁၀)ဦး၏ လယ်မြေ (၁၀၀)ဧကတွင် စိုက်ပျိုးထားကြောင်းနှင့် စိုက်ပျိုးရာ၌ တောင်သူ(၈)ဦး၏ လယ်မြေ (၈၀)ဧကတွင် GW-11 စပါးမျိုးနှင့် တောင်သူ (၂၀)ဦး၏ လယ်မြေ(၂၀)ဧကတွင် GW-18 မျိုးစပါးများ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စံပြကွက်စပါးမျိုးများစိုက်ပျိုးရာ၌ တစ်ဧကစာအတွက် စပါးမျိုး(၁)တင်း ပျိုးထောင်ပြီး ပျိုးသက်တမ်း (၂၀)ရက်တွင် မြေခံအဖြင့် (၁၅)ပတ်လည် ကွန်ပေါင်းမြေဩဇာ (၁)အိတ် အသုံးပြု၍ ပင်ကြား၊ တန်းကြား (၇လက်မ / ၆လက်မ) အကွာအဝေးဖြင့် ပြောင်းရွှေ့စိုက်ပျိုးကြောင်း၊ ပြောင်းရွှေ့စိုက်ပျိုးပြီး (၁၄)ရက်တွင် ပေါင်းနုတ်ခြင်း၊ တမန်းနိုးခြင်းများ ပြုလုပ်၍ ယူရီယားမြေဩဇာ (၁)အိတ် ကြဲပက်ကြောင်း၊ အပင်သက်တမ်း (၆၀)ရက်တွင် ပေါင်းနုတ်ခြင်း၊ ရေသွင်းခြင်းများပြုလုပ်၍ ယူရီယားမြေဩဇာ အိတ်တစ်ဝက်နှင့် နွားချေး (၃)ဆရော၍ ကြဲပက်ကြောင်း၊ ပန်းပွင့်လှိုင်ချိန်တွင် ပိုတက်မြေဩဇာ (၄ပုံ ၁ပုံ)အိတ်နှင့် ယူရီယားအိတ်တစ်ဝက် ရော၍ ကြဲပတ်ပြီး ရေသွင်းပေးခြင်းများ ပြုလုပ်၍ ရက်ပေါင်း (၁၁၀)ရက်ကျော်တွင် အောင်မြင်သည့် စပါးနှံများ ရရှိပြီး စတင်ရိတ်သိမ်း ခြွေလှဲ့ခြင်းများ ပြုလုပ်သွားမည်ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)