ညောင်ဦး မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သမိုင်း အထင်ကရဘုရားကြီး(၁၁)ဆူအနီးတွင် ဝန်းကျင်လေထုအရည်အသွေးတိုင်းတာခြင်းအား ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ ဝန်းကျင်လေထုတိုင်းတာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ-ညောင်ဦးဒေသ သမိုင်းအထင်ကရ ဘုရား၊ စေတီများသို့ လာရောက်ဖူးမြော်ကြသည့် ခရီးသွားဧည့်သည်များနှင့် ဘုရားစေတီပုထိုးများအနီးတွင် ဒေသထွက်ကုန်ပစ္စည်းများရောင်းချလျက်ရှိသော ဈေးသူ/ဈေးသည်များ၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု၊ ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အဦများ၏ အကျိုးသက်ရောက်မှုနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးတို့ကို သိရှိနိုင်ရန်နှင့်ရှေးဟောင်း ဘုရား၊ စေတီ၊ ပုထိုးများကို ထိမ်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မေလမှ စတင်ကာ လစဉ်တိုင်း ဝန်းကျင်လေထုအရည်အသွေးတိုင်းတာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့တွင်လည်း ရွှေစည်းခုံစေတီတော်ရင်ပြင်၌ ဝန်းကျင်လေထုတိုင်းတာခြင်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်နန်းနွယ်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်တင့်တင့်အောင်၊ ခရိုင်သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းသိန်းနှင့်ဝန်ထမ်းများ၊ ရွှေစာည်းခုံဘုရား ဂေါပကအဖွဲ့ တာဝန်ရှိသူများသည် ရွှေစည်းခုံစေတီအရှေ့တောင်ထောင့်ရင်ပြင်တော် တွင် တိုင်းတာရေးအဖွဲ့ဝင်များဖြင့် Carbon Monoxide (CO)၊ Carbon Dioxide (CO2)၊ Nitrogen Dioxide(NO2)၊ Sulphur Dioxide (SO2)၊ Ozone (O3)၊ Particulate Matter (PM10, PM2.5)နှင့် Relative Humidity (RH%) စသည့် Parameter (၇)မျိုးပါဝင်သော Scentroid SL 50 တိုင်းတာရေးစက်ဖြင့် နံနက် ၈ နာရီမှညနေ ၆ နာရီအချိန်အထိ (၁၀) နာရီကြာ ဝန်းကျင်လေထုအရည်အသွေးတိုင်းတာ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း