မိုင်းယန်း မေ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Women Club) ဖြင့် ဦးနု ရေးသားထားသော “တာတေစနေသား” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် ရှင်းလင်းပြောကြားပြီး ဦးနု ရေးသားထားသော “တာတေစနေသား” စာအုပ် အခန်း (၁) တွင် ပါဝင်သော အကြောင်းအရာများဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲနိုင်သည့် လူတို့၏အကျင့်စာရိတ္တများ၊ ကောင်းကျိုး၊ ဆိုးကျိုးများစသည့်အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် Women Club အသင်းဝင် ဒေါ်စိုးပြည့်ပြည့်ထွေးက ငယ်စဉ်ကပင် မကောင်းမှုများကို အထူးရှောင်ကျဉ်ပြီး ကောင်းသောအရာများကို ကြိုးစားလုပ်သင့်ပုံများ၊ ကိုယ်ယဉ်ကျေးမှု၊ စိတ်ယဉ်ကျေးမှု၊ နှုတ်ယဉ်ကျေးမှုရှိပြီး ကိုယ်ကျင့်တရားကောင်းမွန်အောင် ထိန်းသိမ်းသင့်ပုံစသည့်အကြောင်းအရာများ ဖြင့်လည်းကောင်း၊ လူငယ်များ ယဉ်ကျေးသိမ်မွေ့သူများဖြစ်အောင် နေထိုင်၍ ယဉ်ကျေးမှုကို တန်ဖိုးထားသင့်ပုံများဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက ဆွေးနွေးချက်များအပေါ် မိမိတို့ထင်မြင်ယူဆချက်များ၊ အကြံပြုသုံးသပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး