မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

မြစ်သား မေ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အနောက်ဘက်မုဒ်ဦး ရှေ့ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ပင့်သံဃာ ၁၀၈ ပါးအားဆွမ်း ဆန်စိမ်း လောင်းလှူပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ဦးဆောင်မှု ဖြင့်  မေလ ၁၁ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်များ၊ နဝကမ္မအလှူငွေများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်း လှူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အတွင်းဆွမ်းဆန်တော် အလှူခံကြွရောက်ရာတွင် မြတ်စွာဘုရားအမှူးထား၍ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်၊ သံဃာတော်များအပါး (၁၀၈)တို့က  ဗိုလ်ချုပ်လမ်းမကြီး အတိုင်း ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဘုရားအကျိုးတော်ဆောင်အဖွဲ့များမှ အလှူရှင်များ အတွက် ဆွမ်းဆန်တော်လှူဒါန်းရန် စီစဥ်ထားသည့်နေရာများအထိ ဆွမ်းဆန်တော်ခံကြွရောက်တော်မူကြသည့်ဆရာတော်၊ သံဃာတော်များထံ လောင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)