စဉ့်ကိုင် မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ မန္တလေးငလျင်ကြောင့် ငလျင်ဘေးသင့်၍ နေအိမ်များ လုံးဝပြိုကျပျက်စီးသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ရန်အောင်မြင်ရပ်ကွက်ရှိ ရွှေလူခန်းမအတွင်း ပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်နှင့်အဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နေအိမ်များ လုံးဝပြိုကျ ပျက်စီးခဲ့သည့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်က မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်များ လုံးဝပြိုကျပျက်စီးသည့် ပြည်သူများအား အားပေးစကားပြောကြားခဲ့သည်။ ထို့နောက် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ (၁၆၃) ရွာမှ နေအိမ်များလုံးဝ ပြို့ကျပျက်စီးသည့် အိမ်ထောင်စု(၁)စုလျှင် ပစ္စည်း (၁၆)မျိုးပါ ထောက်ပံ့ပစ္စည်းအိတ် (၁)အိတ်နှင့် အိမ်ထောင်စု (၃၃၅)စုအတွက် တန်ဖိုးငွေကျပ် (၃၀၅၄၄၆၃၀)ကျပ်အား ငလျင်ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီးနှင့် အဖွဲ့သည် တောင်ရင်းကျေးအုပ်စု တောင်ရင်းကျေးရွာရှိ Sann Shinn & Brothers Co, Ltd (အမိုးပြားစက်ရုံ)သို့ရောက်ရှိစဉ် စက်ရုံ (Managing Director) ဦးကျော်မြင့်ဦးနှင့် စက်ရုံဝန်ထမ်းများက ကြိုဆိုခဲ့ကြပြီး စက်ရုံအတွင်းရှိ ရှင်းလင်းဆောင်၌ စက်ရုံတာဝန်ခံ ဦးအောင်မျိုး ထွန်းက ငလျင်ဒဏ်ကြောင့် စက်ရုံ ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် စက်ရုံလုပ်ငန်းများ ပြန်လည်လည်ပတ်နေမှု အခြေအနေများအား (Power Point)ဖြင့် ရှင်းလင်း တင်ပြခဲ့ရာ ဒုတိယ ဗိုလ်ချုပ်ကြီးက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းနှင့် စက်ရုံအတွင်း လုပ်ငန်းလည်ပတ်မှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်) (၃၉၉)