ငါန်းဇွန် မေ ၁၃
လူ၊ နတ်ဗြဟ္မာ၊ သတ္တဝါတို့၏ ယုံကြည်ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာဘုရားရှင် ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ပွင့်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့သည် ကဆုန်လပြည့်နေ့ဖြစ်တော်မူ၍ ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ အထွတ်အမြတ်ထားသည့် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းနှင့် ညောင်ရေသွန်းပွဲတော်ကျင်းပလေ့ရှိရာ မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အမှတ်(၁)ရပ်ကွက် ရှင်ပင်မိုးကောင်းမြတ်စွာဘုရားဝင်းအတွင်းရှိ ဓမ္မာရုံအတွင်း၌ မေလ ၁၁ ရက်နေ့ ညနေ ၄နာရီခွဲက ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ရှင်ပင်မိုးကောင်းမြတ်စွာဘုရားဂေါပကအဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများက ငါန်းဇွန်မြို့ အမှတ်(၁) ရက်ကွက်ရှိ သုမင်္ဂလကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသံကိစ္စထံ သီလခံယူဆောင်တည်ကြပြီး ဩဝါဒခံယူကာ ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်ဘဒ္ဒန္တသံကိစ္စထံ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် မိသားစုများ၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်တို့က ရှင်ပင်မိုးကောင်း မြတ်စွာဘုရားဝင်းအတွင်းရှိ ဗုဒ္ဓဥယျာဉ်တော်မှ မဟာဗောဓိရွှေညောင်ပင်တွင် ညောင်ရေသွန်းလောင်းခြင်း ကုသိုလ်ကောင်းမှုပြုခဲ့ကြောင်း သိရသည်။
ထို့အတူ ယမန်နေ့ ညနေ ၄နာရီခွဲအချိန်က အမှတ်(၃)ရပ်ကွက် ရွှေရပ်သာမြတ်စွာဘုရားဝင်းအတွင်း၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် မိသားစုများက ဘုရားဝင်းအတွင်းရှိ ပဋ္ဌာန်းဟောရွှေကျောင်းတော်ကြီးတွင် ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပူဇော်ကန်တော့ခြင်း၊ ဘရားဝင်းအတွင်း/အပြင် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ဘုရားဆင်းတုတော်များအား ရေသပ္ပာယ်ခြင်းနှင့် မဟာဗောဓိရွှေညောင်ပင်တွင် ညောင်ရေသွန်းလောင်း ကုသိုလ်ကောင်းမှုပြုခဲ့ကြကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)