ပြင်ဦးလွင် မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၂၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယမန်နေ့နံနက် (၉:၃၀) နာရီက အဆိုပါဘုရားကြီး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဘုရားအနေကဇာတင်ပြီး အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခြင်း၊ ဩဝါဒါစရိယ မြို့လယ်ရွှေစည်းခုံကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလခံယူ၍ ဆောက်တည်ခြင်း၊ ဆရာတော်ကြီးများထံမှ မေတ္တသုတ်အစရှိသော ပရိတ်တရားတော်များနာယူခြင်း၊ တာဝန်ရှိသူများနှင့်အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော်များထံသို့ ဆက်လက်လှူဒါန်းခြင်း၊ ဩဝါဒါစရိယ ရတနာမာန်အောင်ကျောင်းတိုက် ဆရာတော်ထံမှ ကဆုန်လပြည်နေ့ သိကောင်းစရာ အနုမောဒနာတရားနာယူခြင်းနှင့် ရေစက်ချတရားနာယူခြင်း၊ ဆရာတော်ကြီးများအား ဩကာသကန်တော့ချိုးဖြင့် ပြန်လည်ရှိခိုးကန်တော့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ပြီးစီးခဲ့သည်။
ဆက်လက်ပြီး မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး၏ အရှေ့မြောက် (တနင်္ဂနွေ) ထောင့်၊ အရှေ့တောင် (အင်္ဂါ) ထောင့်၊ အနောက်တောင် (စနေ) ထောင့်ရှိ ဗောဓိညောင်ပင်တို့အား ဆရာတော်သံဃာတော်များ၊ ဧည့် သည်တော်များ၊ ဂေါပကအဖွဲ့ဝင်များနှင့်ဝတ်အဖွဲ့များက ရေသွန်းလောင်းပြီးနောက် ဩဝါဒါစရိယ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)