ကျောက်ဆည်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အခြေခံပညာကျောင်းများတွင် Abate ဆေးခပ်ခြင်းနှင့်ကလိုရင်းဆေးခပ်ခြင်းများ ပြုလုပ်

ကျောက်ဆည် မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေး အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက Abate ဆေးခပ်ခြင်း၊ ကလိုရင်းဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်းပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး အစာမစားမီ၊ အစားအစာပြင်ဆင်ချိန်၊ အညစ်အကြေးနှင့်အမှိုက်များကိုင်တွယ်ပြီးချိန်၊ အိမ်သာမှဆင်းချိန်တို့တွင် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ စနစ်တကျဆေးကြောကြရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ရန်၊ ယင်လုံအိမ်သာရာနှုန်းပြည့်သုံးစွဲကြရန်၊ ရေကိုကျိုချက်၍ သောက်ရန်၊ အစားအစာများကို ကျက်အောင် ချက်ပြီးမှစားသုံးရန်၊ အစားအစာများကို ယင်မနားအောင် လုံခြုံစွာဖုံးအုပ်ထားရန်၊ ခြင်/ ယင်များ မပေါက်ပွားစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ကြရန် အသိပညာပေးခြင်းများကို အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းများနှင့် အ.မ.က (၆) ကျောင်းတို့တွင် သောက်သုံးရေတွင်း/ ရေကန်များအတွင်းသို့ ကလိုရင်းဆေးခပ်ခြင်း၊ ပိုးလောက်လန်း ပေါက်ဖွားနိုင်သော နေရာများအား Abate ဆေးခပ်ခြင်း၊ ဖုံးသွန်လဲစစ်ဆောင်ရွက်ခြင်း၊ ယင်လုံအိမ်သာများအား ကလိုရင်းဆေးပက်ဖြန်းခြင်းနှင့် ထုံးဖြူးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)