မလှိုင် မေ ၁၂
မိတ္ထီလာခရိုင်၊ မလှိုင်မြို့ အမှတ် (၂) ရပ်ကွက်ရှိ သမိုင်းဝင်ရွှေမုဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့အခါသမယ၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ နံနက် (၅) နာရီအချိန်က မလှိုင်မြို့သမိုင်းဝင်ရွှေမုဌောစေတီတော်မြတ်ကြီးအား မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့၌ ပင့်သံဃာ (၁၉) ပါးတို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူ ပူဇော်ပွဲကျင်းပပြုလုပ်၍ အာရုံဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရှစ်မျက်နှာပရိယတ္တိစာသင်တိုက် ပဓာနနာယက ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်နာယက၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်) ဂန္ထဝါစက ပဏ္ဍိတအဂ္ဂမဟာသဒ္ဓမဇောတိကဓဇဘဒ္ဒန္တကဥ္စနထံမှ (၅) ပါး သီလခံယူဆောက်တည်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရား နာယူကြည်ညိုခဲ့ကာ၊ နံနက် (၇) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာရှင် အလှူ့ရှင်ပြည်သူများမှ ဘုရားအမှူးရှိသော ကျောင်းတိုက်ပေါင်း (၄၃)ကျောင်းမှ ပင့်သံဃာ (၁၀၈) ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် နဝကမ္မအလှူငွေများ၊ ကုလားပဲခြမ်း၊ ကြက်သွန်နီ၊ ဆွမ်း၊ ဆွမ်းဟင်း၊ ခေါက်ဆွဲခြောက်နှင့် အခြားလှူဖွယ်ပစ္စည်းများ စုစုပေါင်းလှူဒါန်းငွေ(၆၆၃၇၁၀ဝိ/-)ကျပ်ဖိုး လောင်းလှူပူဇော်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ရွှေမုဌောဘုရားဝန်အတွင်းရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။
မလှိုင်(ပြန်/ဆက်)